လစ်ဗာပူးလ် နည်းပြသစ် အန်ဒိုနီ အီရာအိုလာဟာ အန်းဖီးလ်မှာ ပထမဆုံးအကြိမ် အသင်းကို ကိုင်တွယ်ခဲ့တဲ့ ခြေစမ်းပွဲမှာတင် မိုနာကိုကို ၃ ဂိုး ၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ နည်းပြသစ် အီရာအိုလာက အသင်းမှာ ပြုပြင်ပြောင်းလဲစရာနဲ့ ပြင်ဆင်စရာတွေ အများကြီး လိုအပ်နေသေးတယ်လို့ ပွင့်ပွင့်လင်းလင်းပဲ ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။
ဒီခြေစမ်းပွဲမှာ လစ်ဗာပူးလ်ဟာ ပွဲစတာနဲ့တင် ပွဲကို လွှမ်းမိုးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်က အလက်ဇန္တား အိဆက်ခ်နဲ့ ဖလိုရီယန် ဗစ်ဇ် တို့ရဲ့ သွင်းဂိုးတွေနဲ့ ၂ ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အစောပိုင်းမှာတင် ဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း လစ်ဗာပူးလ် အသင်း ခဲရာခဲဆစ် ရယူထားတဲ့ ဦးဆောင်ဂိုးကို မိုနာကိုက ပြန်လည် တိုက်စစ်ဆင် ချေပသွားနိုင်ခဲ့ပါတယ်။ နောက်ခံလူ ဗာဂျယ် ဗန်ဒိုက်ရဲ့ ဖိအားပေးပုံ အမှားကနေ တစ်ဆင့် မိုနာကိုတို့ ပယ်နယ်တီ ရရှိခဲ့ပြီး ဂိုလိုဗင်က တိတိကျကျ ပိတ်သွင်းကာ မိုနာကို အတွက် ချေပဂိုး စတင် ရရှိခဲ့ပါတယ်။
ဒုတိယပိုင်း အရောက် မှာတော့ ပြင်သစ် ကလပ် မိုနာကို အသင်းဟာ လစ်ဗာပူးလ်ကို သိသိသာသာ အသာစီးရသွားခဲ့ပြီး ပွဲချိန် ၅၆ မိနစ်မှာ မီကာ ဘီရက်သ်က နောက်ထပ် ချေပဂိုး၊ အဲဒီနောက်မှာတော့ ပဲရစ် ဘရန်းနားက ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်ဂိုးကို အသီးသီး သွင်းယူကာ အနိုင် ရလဒ်ကို ဖန်တီးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီခြေစမ်းပွဲဟာ ရာသီကြို ပြင်ဆင်မှု အတွင်း လိဒ်စ်ယူနိုက်တက်ကို ၄ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် အတိုင်း ၂ ဂိုး ဦးဆောင်ထားပြီးမှ အရေးနိမ့်ခဲ့ရတဲ့ ပုံစံတူ အမှားမျိုး ပြန်ဖြစ်ခဲ့တာပါ။
ပွဲအပြီး LFCTV နဲ့ အင်တာဗျူးမှာ နည်းပြ အီရာအိုလာက “လိဒ်စ်နဲ့ ကစားခဲ့တဲ့ ပွဲအတိုင်းပါပဲ။ ပထမပိုင်းမှာ ကျွန်တော်တို့ တကယ် ကောင်းကောင်း ကစားနိုင်ခဲ့ပေမယ့် ဒီထက်ပိုပြီး မြင့်မားတဲ့ ခြေစွမ်းနဲ့ ကစားဟန်ကို ထိန်းထားနိုင်ဖို့ လက်ရှိမှာ ကစားသမားတွေရဲ့ ကြံ့ခိုင်မှု မလုံလောက်သေးပါဘူး။ ဒုတိယပိုင်း မှာတော့ မိုနာကိုက သိသိသာသာကို ပိုကောင်းသွားခဲ့ပါတယ်။ ကျွန်တော်တို့ ပထမပိုင်းမှာ သာလွန်ခဲ့သလိုမျိုးပဲ သူတို့လည်း ဒုတိယပိုင်းမှာ ပိုကောင်းခဲ့လို့ ပွဲကို အနိုင်ရလဒ် ဖြစ်အောင် အလှည့်အပြောင်း လုပ်သွားနိုင်ခဲ့တာပါ။”

“စီနီယာ ကစားသမား အများစုဟာ ကြံ့ခိုင်မှု သိပ်မပြည့်ပေမယ့် အများအားဖြင့်တော့ အခြေအနေ ကောင်းကြပါတယ်။ ပထမဆုံး (သို့) ဒုတိယမြောက် ပွဲစဉ် အဖြစ် ပါဝင်လာတဲ့ ကစားသမားတွေဆီမှာတောင် အားအင်တွေ ရှိနေတာ တွေ့ရပါတယ်။ ဒါပေမယ့် ပြဿနာက မိနစ် ၉၀ လုံး စွမ်းအင် အပြည့်နဲ့ ကစားဖို့ ကျတော့ လက်ရှိမှာ သူတို့ မလုပ်နိုင်သေးတာပါပဲ။ ပွဲချိန်ကြာလာတာနဲ့အမျှ မောပန်းလာကြတာမို့ ဒါကို ပြန်လည် ပြုပြင်ဖို့ အချိန်ယူရပါလိမ့်မယ်။ လေ့ကျင့်ခန်းတွေ ပိုလုပ်ဖို့ လိုသလို၊ ဒီပွဲကနေ ကောင်းတဲ့ အချက်တွေရော အားနည်းချက်တွေ ကိုပါ အများကြီး တွေ့လိုက်ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြင်ဆင်စရာ လုပ်ငန်းစဉ်တွေ အများကြီး ကျန်ပါသေးတယ်”လို့ အသေးစိတ် သုံးသပ် ပြောကြားသွားခဲ့ပါတယ်။
ဘုန်းမောက်မှာ သုံးနှစ်တာ အောင်မြင်စွာ ကျင့်သုံးခဲ့တဲ့ သူ့ရဲ့ နာမည်ကျော် အနီးကပ် ဖိအားပေး ကစားဟန် (High-octane pressing football) ကို အန်းဖီးလ်မှာ ပုံဖော်ဖို့ အတွက် အသင်းရဲ့ လူအင်အားစုဖွဲ့မှု မလုံလောက်သေးကြောင်းလည်း အီရာအိုလာက အဓိပ္ပာယ်ပါပါ အရိပ်အမြွက် ပြောဆိုသွားခဲ့ပါတယ်။ လစ်ဗာပူးလ် အသင်းဟာ လက်ရှိမှာ ပီအက်စ်ဂျီ အသင်းရဲ့ တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ ဘရက်ဒ်လေ ဘာကိုလာ၊ အီဘရာဟင်မ် အမ်ဘာယီတို့ အပြင် ဘာစီလိုနာ အသင်းရဲ့ နောက်ခံလူ ရော်နယ် အာရူဟို ကိုပါ တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ အချိတ်အဆက်တွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒီပွဲစဉ်မှာ လစ်ဗာပူးလ် အသင်းဟာ မျှော်လင့်ဂိုး (xG) ၁.၃၃ (ဂိုးကန်သွင်းမှု ၁၅ ကြိမ်) သာ ရရှိခဲ့ပြီး မိုနာကို အသင်း ကတော့ (၁၄ ကြိမ် ကန်သွင်းပြီး) (xG) ၂.၂၀ အထိ ရရှိခဲ့တာကြောင့် ခံစစ်ပိုင်း လစ်ဟင်းမှု အမှား ၃ ကြိမ်စလုံးကို မိုနာကိုတို့ အပြည့်အဝ အသုံးချသွားနိုင်ခဲ့တာပါ။
အမှားကျူးလွန်ခဲ့ပေမယ့် အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက်ခ်က နည်းပြသစ်နဲ့ လက်တွဲရတာကို သဘောကျကြောင်း “နည်းပြသစ်နဲ့ အဆင်ပြေပါတယ်။ သူ ရောက်လာမယ့် အကြောင်း သတင်းထွက်လာတည်းက ကျွန်တော်တို့ စကားကောင်းကောင်း ပြောဖြစ်ခဲ့ကြတယ်။ အဓိက ကတော့ ကျွန်တော် အမြဲတမ်း အသင်းနဲ့ နည်းပြ အတွက် အဆင်သင့် ရှိနေတယ်ဆိုတာ သူ သိဖို့ပါပဲ။ နည်းပြဟောင်း အာနေး ဆလော့တ်နဲ့ သူ့အဖွဲ့သားတွေ ကိုလည်း လေးစားမှု အပြည့်ရှိပါတယ်။ သူနဲ့ အတူ အမှတ်တရကောင်းတွေ ဖန်တီးနိုင်ခဲ့ကြတယ်။ ဒီရာသီ မှာတော့ နည်းပြသစ်၊ နည်းစနစ်သစ်၊ လေ့ကျင့်ခန်း ပုံစံသစ်တွေနဲ့မို့ ကျွန်တော်တို့ အားလုံး အဆင်ပြေအောင် အမြန်ဆုံး အလိုက်သင့် ပြုမူနေထိုင်ကြရပါမယ်။ အာနေး လက်အောက်မှာ ကစားခဲ့ရတာကို သဘောကျသလို နည်းပြသစ်နဲ့ လက်တွဲရမှာ ကိုလည်း သဘောကျပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
အလားတူ ပွဲထွက် ကစားသမား အဖြစ် ခြေစွမ်းပြခဲ့တဲ့ ဗစ်ဇ် ကလည်း “သူ ဘုန်းမောက်မှာ ပြသခဲ့တဲ့ ၃ နှစ်တာ စွမ်းဆောင်ရည်တွေကို ကြည့်လိုက်ရင်ပဲ သူ အသင်းကို ဘယ်လို ပြောင်းလဲပေးနိုင်မလဲ ဆိုတာ တွေ့နိုင်ပါတယ်။ ကျွန်တော်တို့ အားလုံးသူနဲ့ လက်တွဲဖို့ မျှော်လင့်နေကြသလို ဒီပထမဆုံး ရက်သတ္တပတ် အနည်းငယ် အတွင်း မှာတင် သူနဲ့ လက်တွဲရတာကို ပျော်ရွှင်နေရပါတယ်” လို့ မှတ်ချက်ပြုသွားခဲ့ကြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


